

ကိုယ်လုပ်ချင်တဲ့ Business Model
ဒီအချိန်က stress များနေတဲ့အချိန်ဆိုတော့ စာရေးတာစာဖတ်တာ ပိုလုပ်ဖြစ်တယ်။ စာအုပ်လေးတစ်အုပ် အေးအေးဆေးဆေး ဖတ်လိုက်ရရင်၊ ခေါင်းထဲပေါ်လာတာ ချရေးလိုက်ရရင် stress တွေ လျော့သွားတာပဲ။ အခုလည်း stress လျော့အောင် စာရေးတယ်။ ဘယ်သူမှဖတ်မယ်လဲ မထင်ပါဘူး။ ဖတ်ဖတ်မဖတ်ဖတ် ချရေးလိုက်ရရင် ကျေနပ်သွားတာပါပဲ။ facebook လိုနေရာမျိုးမှာလည်း မရေးချင်ဘူး။ ပြန်ဖတ်ချင်ရင် ရှာရလွယ်အောင် blog လေးတစ်ခုလုပ်ပြီး ရေးနေလိုက်တယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျိုက်ထီးရိုးဘုရားဖူးသွားတော့ ခါတိုင်းတည်းနေကျ တည်းခိုခန်းတွေမှာ မတည်းတော့ဘဲ သူငယ်ချင်းရဲ့အမျိုး ဈေးဆိုင်ခန်းမှာတည်းတယ်။ ဒီဇင်ဘာလသွားတာဆိုတော့ ဘုရားဖူးတွေ တည်းခိုခန်းမှာခြေထောက်တောင် ကောင်းကောင်းချလို့မရတဲ့အချိန်၊ ရေတောင် တစ်ပုံးစီ ဝယ်ချိုးနေရတဲ့အချိန်မယ် ကိုယ်တွေအုပ်စုက ထမင်းပူပူလေးစားလိုက်၊ နယ်ခံတွေပဲသိတဲ့ တောင်ကျချောင်းရေရှိတဲ့နေရာလေး ရေသွားချိုးလိုက်နဲ့ သာယာနေတာ။
ဆိုင်ခန်းမှာတည်းတာဆိုတော့ ဈေးလည်းကူရောင်းပေးတယ်။ ဈေးဝယ်တွေကျချက်ပဲ။ ဆိုင်ရှင်တွေခမျာ မနားရဘူး။ ဒီလောက်ဝရုန်းသုန်းကားဖြစ်နေတာတောင် မနက်အစောကြီးဆိုင်ဖွင့်ပြီး ညမိုးချုပ်မှဆိုင်ပိတ်တယ်။ အစ်ကိုရယ်..မိုးလည်းချုပ်ပြီ ဆိုင်မပိတ်သေးဘူးလားဆိုတော့ ငါ့ညီတဲ့၊ ဒီအချိန်ပဲပိုက်ဆံရှာရတာ၊ ဒီအချိန်မှာကောင်းကောင်းရှာနိုင်ရင် ကျိုက်ထီးရိုးမှာ တစ်နှစ်လုံးထိုင်စားလို့ရတယ်တဲ့။ အဲတုန်းကတော့ ဟုတ်မှဟုတ်ပါ့မလားပေါ့လေ။ နောက်အသက်တွေကြီးပြီး ဆေးခန်းဖွင့်တော့ ကိုယ့်ဆေးခန်းလည်း ဒီတိုင်းပဲ။ မိုးတွင်းတစ်တွင်းလောက် ကောင်းကောင်းရှာနိုင်ရင် တစ်နှစ်လုံးထိုင်စားမဟုတ်တောင် နွေခေါင်ခေါင် လူနာမလာလည်း ပူစရာမလိုတဲ့ အနေအထားပေါ့လေ။
ဒီနှစ်တော့ အဲလိုမဟုတ်တော့ဘူး။ Covid ဖြစ်တဲ့နှစ်ဆိုပါတော့။ ရာသီတုပ်ကွေးခမျာ Covid ကြောက်ပြီး ဘယ်ရောက်သွားမှန်းကိုမသိဘူး။ တော်ရုံဖျားတဲ့လူလည်း ဆေးခန်းလာရမှာကြောက်ပြီး အိမ်မှာပဲ Para သောက်ပြီးမှိန်းနေတာများတယ်။ စီးပွားရေးတော်တော်ထိခိုက်တဲ့ အချိန်ပေါ့ဗျာ။ ကံကောင်းတာက ကိုယ့်ဆေးခန်းကို Covid မဖြစ်ခင်တစ်နှစ်လောက်ကတည်းက မိုးတွင်းတုပ်ကွေးချိန်ကို အားမကိုးရအောင် ပုံစံနည်းနည်းပြောင်းထားလို့ Covid ကြောင့်လုပ်ငန်းပုံစံ မဖြစ်မနေ ပြောင်းရတော့မယ့်အချိန်မှာ အလေ့အကျင့်ရပြီးသား ဖြစ်နေတယ်။
Your business plan is moot. You don’t know what people really want until you start doing it.
Business Plan ဆိုတဲ့ဟာမျိုးက ဘယ်လောက်ပဲရေပက်မဝင်အောင်လုပ်ထားပါစေ တကယ်လုပ်ကြည့်တော့မှ တလွဲတွေဖြစ်ကုန်တတ်တာမျိုး။ မြေပြင်အနေအထားကိုမူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိမှ အလုပ်ဖြစ်တာမျိုးပေါ့။ “Plans are nothing. But planning is everything” လို့ အိုင်စင်ဟောင်ဝါ ပြောတဲ့အတိုင်းဆို Plan လုပ်ထားတွေဟာ ဘာမှအသုံးမကျဘူး။ ဒါပေမယ့် Plan လုပ်ထားဖို့တော့လိုတယ်။ ဒါမှလုပ်ငန်းစဉ်ကို ခြုံငုံသုံးသပ်မိမှာကိုး။ Plan လုပ်တော့လုပ်ရမယ်။ အဲဒီ Plan ကိစ္စကို အချိန်ကုန်ငွေကုန်မခံနဲ့ ဆိုတဲ့သဘော။
အာရပ်-အစ္စရေး (၆) ရက်စစ်ပွဲအပြီးမှာ အစ္စရေးဗိုလ်ချုပ်တစ်ယောက်ကို အင်တာဗျူးတော့ သူတို့တွေဟာ plan တွေနဲ့အိပ်၊ plan တွေနဲ့စား၊ plan တွေနဲ့ပဲ အသက်ရှင်သတဲ့။ အဲသလို plan ကောင်းလို့ စစ်နိုင်ခဲ့တယ်ဆိုတယ်။ အတိအကျတော့မမှတ်မိဘူး။ စစ်ပွဲဆိုတာမျိုးက plan ထားတဲ့အတိုင်းဖြစ်သလားဆိုတော့ မဖြစ်ဘူးပေါ့လေ။ ဒါပေမယ့် plan ကြိုစဉ်းစားထားတော့ ဘာဖြစ်ရင်ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်တယ်။
ကိုယ်ဟာ ဆေးခန်းလာတဲ့ customer ကို တော်တော်လေး select လုပ်တယ်။ ဆေးခန်းအပြင်အဆင်အရလည်း တော်ရုံ low-return customer တွေ အနားမကပ်အောင် ဈေးကြီးမယ့်ပုံစံဖမ်းထားတယ်။ တခြားဆေးခန်းတွေထက် တကယ်လည်းဈေးများပါတယ်။ အခန်းခ၊ လိုင်စင်ခ၊ အခွန်အခ၊ သန့်ရှင်းရေးလုပ်ခ၊ ပြင်ဆင်စရိတ်၊ ဝန်ထမ်းစရိတ်၊ ၂၄ နာရီလည်ပတ်စရိတ် ဆိုတာတွေနဲ့ချိန်ဆပြီး ဆရာဝန်စမ်းသပ်ခအပြင် service fees ပါထပ်ပေါင်းယူရတာကြောင့် ဈေးမကြီးလို့လည်းမရပါဘူး။ ဒီနည်းအားဖြင့် price shoppers တွေကို ဖယ်ထုတ်ပြီးသားဖြစ်တယ်။ pricing game ကိုမကစားတော့ဘူး။ Price shoppers တွေဘက်ကကြည့်မယ်ဆိုရင်တော့ ကိုယ့်ဆေးခန်းဟာ ပထမဦးစားပေးမဟုတ်ဘူး။ သူတို့သွားတဲ့ဆေးခန်းတွေ ပိတ်မှ၊ အကြာကြီးစောင့်ရတယ်ဆိုမှ ကိုယ့်ဆေးခန်းလာကြတယ်။ Low-return customer တွေအတွက် ကိုယ့်ဆေးခန်းဟာ second option ဖြစ်နေတာမျိုးကို ကျေနပ်တယ်။
သမုဒ္ဓရာရေ သောက်လို့မကုန်ပါဘူးပြောကြပေမယ့် Avengers End Game ထဲမှာ Universe နဲ့ချီပြီး မြင်နိုင်တဲ့ Thanos ကြီးတောင် “This universe if finite, its resources, finite.” လိုဆိုတာပဲ။ Market တိုင်း၊ market တိုင်းဟာ အကန့်အသတ်ရှိပါတယ်။ ဈေးကွက်ဝေစုနည်းလွန်းလို့ လုပ်ငန်းတစ်ခုနဲ့တစ်ခု တစ်ယောက်လည်ပင်းတစ်ယောက် ဓါးနဲ့လှီးရတဲ့အထိ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဈေးကွက်မျိုးကို cut-throat red ocean လို့ခေါ်ကြတယ်။ သွေးချင်းချင်းနီတဲ့ သမုဒ္ဓရာပေါ့။ ကိုယ်သွားချင်တာက blue ocean ဆိုတဲ့ ရေပြာပြာသမုဒ္ဓရာ။ အပြိုင်အဆိုင်နည်းတဲ့လုပ်ငန်းရွေးလုပ်တာမဟုတ်ဘဲ ရှိပြီးသားလုပ်ငန်းကိုပဲ အပြိုင်အဆိုင်နည်းတဲ့ level တစ်ခုထိရောက်အောင် မြှင့်လိုက်တာမျိုး။
ဆရာဦးရဲမြပြောတဲ့ တားဆေးနဲ့အားဆေးပဲထိုးတဲ့ ဆေးခန်းကနေ လုပ်ငန်းစမယ်ဆိုရင် အပြိုင်အဆိုင်တအားများမယ်။ အဲဒီအခါကျ အတတ်နိုင်ဆုံး ဈေးသက်သာအောင်လုပ်ရတဲ့ pricing game ကိုကစားရမှာပဲ။ ရပ်ကွက်ထဲကဆေးမှူးတွေကလည်း ဆိုက်ကယ်လေးတွေနဲ့ အိမ်တိုင်ရာရောက် ဆေးလိုက်ထိုးပေးနေသေးတာကိုး။ Unit Price မှာ အမြတ်ကတအားနည်းတော့ အမြတ်များများကျန်ဖို့ဆိုရင် turnover များများဖြစ်အောင်လုပ်ရတယ်။ ငွေမြန်မြန်ပေါ်အောင်ရောင်း၊ ကုန်ကြမ်းကိုဈေးပေါပေါနဲ့ရအောင် လက္ကားဝယ်။ ငွေမြန်မြန်ပေါ်အောင်ရောင်းရတာဆိုတော့ အရောင်းစွံဖို့က အဓိကဖြစ်နေတယ်။ ဆေးခန်းအနေနဲ့ဆိုရင် လူနာများများလာဖို့ ပထမဦးစားပေးရတယ်။ အဲဒီအခါကျ ဆေးကုပေးတဲ့နေရာတစ်ခုနဲ့ မတူတော့ဘဲ ဆေးထိုးပေး၊ ဆေးစပ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုနဲ့ပိုတူလာတယ်။ ဝန်ဆောင်မှုပေးတဲ့လူမှာ ပညာရှင်တစ်ယောက်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ဘူး။ ဈေးဝယ်သူသဘောကျ ဝန်ဆောင်မှုပေးလိုက်ရသလိုဖြစ်လာတယ်။ အားဆေးထိုးပေးပါဆိုရင် ထိုးလိုက်ရတယ်။ ဆီးချိုရှိနေလား မစစ်ဖြစ်တော့ဘူး။ ဆရာဝန်အလိုကျ ဆီးချိုစစ်လိုက်ရင် customer က အပိုကုန်ကျသွားမှာကြောက်ရတယ်။ တားဆေးထိုးပေးပါဆိုရင် ထိုးလိုက်ရတယ်။ ဒီအမျိုးသမီးက သွေးတိုးရောဂါရှိလား၊ BMI ထက်ပိုဝနေလား၊ သူလာထိုးတဲ့ရက်ကော မှန်ရဲ့လား မစိစစ်နိုင်တော့ဘူး။ တားဆေးက ၁၅၀၀ - ၂၀၀၀ ပဲယူပြီးထိုးရတာဆိုတော့ သူ့အတွက် ၁၅၀၀ - ၂၀၀၀ ထက်ပိုပြီး အချိန်ပေးရတာ မတန်တော့ဘူးပေါ့။ ပိုးသတ်ဆေးကောင်းကောင်းလေးတွေ သုံးလိုက်ရင်ဈေးကြီးသွားမှာစိုးလို့ ပိုးသတ်ဆေးကို ရက်အပြည့်မပေးတော့ဘဲ နှစ်ရက်လောက်ပဲ ပေးလိုက်နိုင်တော့တယ်။ နှစ်ရက်ပြည့်ရင် ပြန်လာပြဦးနော်လို့ ချိန်းလိုက်ပြီး ပြန်လာတဲ့အခါ ရက်ပြည့်အောင် ပြန်ထည့်ပေးမယ်လို့ စဉ်းစားထားပေမယ့် တော်တော်များများက ပြန်မလာကြတော့ဘူးပေါ့လေ။
ဒီနည်းကပင်ပန်းတယ်။ ဈေးသက်သာတာပဲကြည့်တတ်တဲ့ price shopper တွေ၊ low-return customer တွေကိုပဲ အဓိက target ထားရတယ်။ low-return customer တွေကပေးတဲ့ stress ဟာ high-return customer တွေဆီကရတဲ့ stress ထက် အဆပေါင်းများစွာပိုပါတယ်။ ကိုယ့်ဆေးခန်းလုပ်ငန်းရဲ့ brand image လည်း တန်ဖိုးကျပါတယ်။ မြန်မြန်ဝင်၊ မြန်မြန်ထွက်၊ မြန်မြန်လည်ပတ်နေအောင် လုပ်ရတာဆိုတော့ wearing and tearing လို့ခေါ်တဲ့ ပျက်စီးယိုယွင်းတာလေးတွေ အဖြစ်များတယ်။ ထိုင်ခုံတွေပျက်စီးတာ၊ သွေးပေါင်ချိန်စက် သုံးရလွန်းလို့ ပျက်တာ၊ ညစ်ပတ်လွယ်တာ၊ လူနာကုတင်ပေါ်အတက်အဆင်းများလွန်းလို့ ယိုင်နဲ့နဲ့ဖြစ်လာတာတွေကြုံရတယ်။ နောက်ဆုံး အလုပ်လုပ်ရတဲ့ ဆရာဝန်နဲ့ဝန်ထမ်းတွေမှာ အပေါ့အပါးမသွားရ၊ ရေမသောက်ရလို့ ကျန်းမာရေးထိခိုက်တာတွေ၊ ခါးနာ၊ လည်ပင်းနာ စတဲ့ ကျန်းမာရေးပြဿနာလေးတွေပါ ကြုံလာရတတ်တယ်။ ဒီအနေအထားကို ကြာရင်ငြီးငွေ့လာပြီး အလုပ်ချိန်လျှော့ချင်တာ၊ နောက်ဆရာဝန်တစ်ယောက်နဲ့ အချိန်မျှထိုင်ချင်တာတွေ ဖြစ်လာတတ်တယ်။ ဒီအချိန်မှာ လျှော့ဖို့မစဉ်းစားဘဲ ချဲ့ဖို့ကို ဦးစားပေးသင့်တယ်။ လုပ်ငန်းချဲ့တော့မယ်ဆိုတာနဲ့ များများဝယ်နိုင်ပြီး ကုန်ကျစရိတ်ကို သိပ်မကြည့်တတ်တဲ့ high-return customer တွေကို ဦးတည်ရတော့မယ်။
high-return customer တွေကို target ထားတော့မယ်ဆိုရင် ဝန်ဆောင်မှုတိုင်းဟာ value-added service ဖြစ်အောင်လုပ်ရတော့မယ်။ လူနာဝေဒနာသက်သာအောင် တစ်ခုတည်းလုပ်ပေးလို့မရတော့ဘူး။ ဝေဒနာရဲ့နောက်ကွယ်မှာ ဘာရောဂါရှိနိုင်လဲဆိုတဲ့ ရောဂါရှာဖွေတာလေးပါ ထည့်စဉ်းစားပေးရတော့မယ်။ ရောဂါရှာပေးနိုင်တဲ့ ဓါတ်ခွဲခန်းဝန်ဆောင်မှု၊ ဓါတ်မှန်ဝန်ဆောင်မှုတွေပါ ထပ်ထည့်ပေးနိုင်အောင် ကြိုးစားရတော့မယ်။ သူများဆေးခန်းမှာ အရင်ပြပြီးမှ ကိုယ့်ဆီရောက်လာတာဟာ စိတ်ဆိုးရမယ့်ကိစ္စတစ်ခုမဟုတ်တော့ဘူး။ သူများဆီမှာ မသက်သာရင် ကိုယ့်ဆီလာရမယ်လို့ သူတို့နားလည်လာတာကို ဂုဏ်ယူရမယ်။ တစ်နည်းအားဖြင့် အားအားလျားလျား တစ်လတစ်ခါ အကြောဆေးမထိုးရလို့ မရိုးမရွဖြစ်နေတဲ့လူတွေ ကိုယ့်ဆီမလာတော့ဘူး။ သူများဆီမှာဆေးခန်းပြပြီး မသက်သာဘဲ ရောဂါတစ်ခုခု တကယ်ဖြစ်နေလို့ လာပြတဲ့လူတွေပဲရှိတော့မယ်။ ကိုယ်လည်းသူတို့ကို စိတ်သန့်သန့်နဲ့ ကုပေးလို့ရလာမယ်။ လူနာဟာ သူ့ရောဂါဈေးပေါပေါနဲ့ကုကြည့်လို့ မပျောက်ရင် ကိုယ့်ဆီရောက်တဲ့အခါ ရောဂါပျောက်ရင်ပြီးရော ဘယ်လောက်ပေးရပေးရ ဆိုတာမျိုးတွေ ဖြစ်လာမယ်။ ကိုယ်လည်း ဈေးကိုအတင်းကာရော လိုက်ချစရာမလိုတော့ဘူး။ ဝန်ဆောင်မှုကောင်းကောင်းပေးပြီး ဈေးကိုလည်းကောင်းကောင်းယူလို့ရမယ်။ ဒီတော့ အများအမြင်မှာ အုန်းအုန်းကျက်ကျက် စည်ကားနေတဲ့ ဆေးခန်းတစ်ခုမဟုတ်တာကိုတော့ လက်ခံနိုင်ရမယ်။ ကိုယ့်လုပ်ငန်းဟာ Turnover နဲ့လည်ပတ်နေတာမဟုတ်တော့ဘူး။ Leftover နဲ့လည်ပတ်နေတာဖြစ်လာမယ်။ လူများများမဝင်တော့ဘူး။ ဒါပေမယ့်တစ်ယောက်ချင်းစီမှာ သာမန်ထက်အမြတ်များများ ကျန်ခဲ့မယ်။ Diabetes, hypertension နဲ့ Rehabilitative Care လို Chronic Problem တွေပါ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ရင် Acute Care လို တစ်ခုခုထဖြစ်မှ ဆေးခန်းလာပြတာမျိုးကို စောင့်စရာမလိုတော့ဘူး။ ရက်ချိန်းမှန်မှန်လာပြနိုင်တဲ့ customer တွေပါ ရလာမယ်။
customer များများဝင်မှ အမြတ်များများရမှာမဟုတ်တော့ဘူး။ customer တစ်ယောက်ချင်းစီမှာ အမြတ်များများကျန်မယ့်သဘော။
ဒီလိုတွေ ရေးနေတော့ ကိုယ့်လုပ်ငန်းက ဒီအတိုင်းအောင်မြင်နေတာ မဟုတ်သေးပါဘူး။ လူတိုင်းကို service မပေးဘူး။ customer ရွေးတဲ့နေရာဆိုတော့ အရင်လောက် customer မများတော့ဘူးပေါ့လေ။ ဒါပေမယ့် revenue ကအရင်ထက်မများသည့်တိုင်အောင် အရင်အတိုင်း ဆက်ထိန်းထားနိုင်တာတော့ သေချာတယ်။ ကိုယ်နဲ့ပြိုင်ဘက် ဆေးခန်းလုပ်ငန်းတွေ သူတို့ဆီမှာ လူနာများတာ ကြံဖန်ဂုဏ်ယူချင်ယူပါစေ၊ သူတို့နဲ့ကိုယ်နဲ့ သွားတဲ့ပုံစံချင်းမှ မတူတော့တာလေ။ အနည်းဆုံးတော့ သူများပင်ပင်ပန်းပန်းရှာရမယ့်အချိန်မှာ ကိုယ်ကသိပ်မပင်ပန်းဘဲ ရှာနိုင်နေတာပဲမှတ်လား။ ဒီ model သာအောင်မြင်မယ်ဆိုရင် ရာသီတုပ်ကွေးချိန်မှာ လူနာလာတာစောင့်စရာမလိုဘဲ တစ်နှစ်ပတ်လုံး သူ့နှုန်းနဲ့သူ customer လာအောင် ထိန်းထားနိုင်လိမ့်မယ်ထင်တယ်။
← Back to blog