Smart Phone မပေါ်ခင် အချိန်များသို့ ပြန်တမ်းတခြင်းSmart Phone မပေါ်ခင် အချိန်များသို့ ပြန်တမ်းတခြင်း

Smart Phone မပေါ်ခင် အချိန်များသို့ ပြန်တမ်းတခြင်း

Have you ever wondered how teenage version of you ride a bike around your neighbourhood when it’s time for the Thadingyut lighting festival?

တုံးတိတိပြောရရင် facebook သုံးရတာ စိတ်ညစ်လာတယ်ပေါ့ဗျာ။ facebook ဟာ ကိုယ့်ရဲ့ energy တွေကိုဝါးမျိုနေသလိုခံစားမိလာတဲ့တစ်နေ့မှာ facebook မသုံးတော့ဖို့ ကြိုးစားကြည့်တယ်။ keypad ဖုန်းလေးပဲကိုင်ပြီး smart phone ကို power off ထားပြီးနေကြည့်ဖူးတယ်။ keypad နဲ့ဆိုတော့ google map သုံးလို့မရဘူး။ သီချင်းဖွင့်လို့မရဘူး။ E-mail ကြည့်လို့မရဘူး။ facebook လုံးဝလုံးဝကို မကြည့်ဖြစ်တော့တာဆိုတော့ တစ်ပတ်လောက်ကြာတဲ့အခါ မအောင်မြင်တော့ဘူး။ smart phone ပြန်ကိုင်ပြီးအရင်လိုပြန်သုံးဖြစ်တယ်။ admin လုပ်နေတဲ့ group လေးတွေ၊ page လေးတွေလည်းရှိတော့ facebook လုံးဝမသုံးတော့တဲ့အခါ admin တာဝန်မဲ့ရာကျမှာလည်းစိုးတယ်။ facebook messenger မကြည့်တော့ ကိုယ့်ဖုန်းနံပါတ်မသိလို့ messenger ကနေပဲ အရေးကြီးတာလာပြောထားရင် မသိတော့ဘူး။

facebook လုံးဝမသုံးတော့တာမဟုတ်ဘဲ တစိတ်တပိုင်းပဲသုံးတဲ့ model တစ်ခုစဉ်းစားကြည့်တယ်။ ပြောသာပြောတာ facebook ဆိုတာမျိုးက အများကြီးမကြည့်ဘူး၊ နည်းနည်းပဲကြည့်မယ်ဆိုတာမျိုး လုပ်ရခက်တယ်။ notification လေးပဲကြည့်မယ်ကွယ်ဆိုပြီး ဖွင့်လိုက်ရင် newsfeed ထဲမျောသွားပြီး ဟိုးအောက်ဆုံးသာရောက်ရင်ရောက်သွားမယ် notification ထဲ မဝင်ရသေးတာမျိုး။ notification ထဲကကြည့်စရာတွေကုန်လို့ ပြန်ထွက်လိုက်ရင် newsfeed ထဲပြန်ရောက်သွားပြီး အောက်ဆုံးထိတရွတ်တိုက် နောက်တစ်ခေါက် ပါသွားတတ်တာမျိုး။ social media တွေကို ဒီဇိုင်းဆွဲတဲ့အင်ဂျင်နီယာတွေကိုယ်တိုင် သူတို့ social media တွေကို infinity pool လို့ခေါ်ကြတယ်။ ရေကန်လေးကတော့ ကျဉ်းကျဉ်းလေးပဲ၊ ကန်ထဲကြည့်လိုက်ရင် ဘယ်မှာအဆုံးသတ်သလဲမသိနိုင်တာမျိုးပေါ့။

Infinity Pool

Frugal Living ဆိုတဲ့ စာသားကိုသဘောကျလို့ ကိုယ့်ရဲ့ facebook လျှော့သုံးတဲ့အစီအစဉ်ကို frugal browsing လို့နာမည်ပေးထားတယ်။ ဖုန်းထဲမှာ facebook နဲ့ instagram, youtube app တွေ ဖျက်လိုက်တယ်။facebook သုံးလို့ရမယ့် browser တွေပါဖျက်လိုက်တယ်။ Chrome လည်း delete လုပ်၊ Safari ကိုပါ delete လုပ်ရတာတော့နည်းနည်းခက်တယ်။ နောက်ဆုံး Screen time>Content and privacy restriction>Allowed App ထဲမှာ Safari ကို off လိုက်မှ ပျက်တယ်။

ပျင်းလို့ဖုန်းကောက်ကိုက်လိုက်ရင် ဘာမှကြည့်စရာမရှိတော့ဘူး။ အိတ်ထဲဖုန်းထည့်ထားတာဟာ ဖုန်းပြောဖို့၊ သီချင်းဖွင့်ဖို့၊ Google Map ကြည့်ဖို့နဲ့ တစ်ခုခုသိချင်ရင် Hey Siri ခေါ်ပြီးသူပြတာကြည့်ရုံပဲ ရတော့တယ်။ ဖုန်းထဲကြည့်လို့မရတော့ တစ်ခုခုအရေးကြီးရင် facebook ကို ကွန်ပြူတာဖွင့်ပြီးကြည့်လို့ရအောင် ကွန်ပြူတာထဲက browser တွေကတော့ ဆက်ထားထားတယ်။ ဒါပေမယ့် Chrome မှာ Newsfeed Eradicator extension သုံးထားတော့ facebook ဖွင့်ရင် Newsfeed မပြတော့ဘူး။ Notification ကြည့်လို့ရတယ်၊ messenger ဖတ်လို့ရတယ်၊ group တွေ၊ page တွေ ဝင်ကြည့်လို့ရတယ်။ ကွန်ပြူတာကနေ facebook သုံးရင်တောင် newsfeed ကိုအစအဆုံး scroll လုပ်ပြီး တမေ့တမော မဖတ်ဖြစ်တော့ဘူးပေါ့။ လုပ်ရင်းနဲ့ facebook မသုံးရတာ သဘောကျပြီး ဒီတိုင်းပဲဆက်ထားဖြစ်တယ်။ ဒါပေမယ့် FOMO လေးကလည်းရှိနေသေးတော့ စနေ၊ တနင်္ဂနွေလိုနေ့မျိုးမှာ facebook ကြည့်ဖြစ်တယ်။ FOMO - Fear Of Missing Out အကြောင်းက နောက်မှသပ်သပ်ရေးရမယ်။

My facebook home screen from desktop browser. You’ll notice News Feed Eradicator chrome extension is hiding facebook newsfeed and shows a random quote instead.

facebook လျှော့သုံးတဲ့ Frugal Browsing ဟာ ကောင်းတာလည်းရှိတယ်၊ မကောင်းတာလည်းရှိတယ်။

မကောင်းတာ

အားလုံးနဲ့အဆက်ပြတ်နေတယ်

ဒါတောင်တစ်ခုခုဆို မိန်းမကပြောပြလို့၊ မပြောရင်ဘာမှသိမှာမဟုတ်ဘူး။ CME ပွဲတစ်ခုခုရှိရင် မသိလိုက်တော့ဘူး။ အစိုးရကသတင်းတစ်ခုခုထုတ်ပြန်ရင် မသိဘူး။ ကိုယ်ကသတင်းစာလည်းမဖတ်၊ အိမ်က TV ဆိုတာကလည်း အင်တာနာတောင် မတပ်ရသေးတာဆိုတော့ ဘာမှမသိတာရယ်။

Promotion တွေမသိဘူး

Car Service Center က အင်ဂျင်ဝိုင်၊ ဂီယာဝိုင်ပရိုမိုးရှင်းချရင် လဲတာမလဲတာအသာနေ သွားပြေးဝယ်လိုက်တာမျိုးမရှိတော့ဘူး။ ဒါကမကောင်းဘူးဆိုပေမယ့် တကယ်တော့ကောင်းတယ်။ ပရိုမိုးရှင်းအကြောင်းပြပြီး လျှောက်ဝယ်မနေတော့ဘူးပေါ့။

ကြီးကျယ်တယ်ထင်ခံရတယ်

တစ်ယောက်ယောက်က comment ပေးထားရင် တော်တော်နဲ့ reply မလုပ်ဖြစ်ဘူး။ တစ်ချို့ comment တွေဆို သိတောင်မသိလိုက်တော့ဘူး။ အရင်က ကိုယ် comment သွားသွားပေးနေကျကောင်တွေ post တင်ရင် ကိုယ့် comment တွေ မရောက်လာတော့ ဟာ ဒီကောင် ဘာဖြစ်တာလဲ၊ ကြီးကျယ်တာလားလို့ ထင်ခံရတယ်။

စိတ်ပူအောင်လုပ်မိတတ်တယ်

facebook ပေါ်မှာ ပျောက်နေတာကြာတော့ ဒီကောင်နေမှကောင်းရဲ့လားဆိုပြီး စိတ်ပူတဲ့လူတွေရှိရင်ရှိမယ်။ ကိုယ့်အတွက်စိတ်ပူတတ်တဲ့လူဆိုကလည်း အနည်းဆုံးဖုန်းအဆက်အသွယ်ရှိတော့ ပြဿနာမရှိလောက်ဘူးပေါ့လေ။ အွန်လိုင်းပေါ်က ကျန်တဲ့လူတွေကတော့ ကိုယ်ပျောက်နေတာ စိတ်ပူဖို့အသာထား၊ သူ့ဘာသာသူတောင် ရှုပ်နေတာ၊ ကိုယ့်ကိုဂရုမစိုက်အားဘူး။

ကောင်းတာ

အချိန်တွေအများကြီးပိုထွက်လာတယ်

အရင်ကဆို average screen time က တစ်နေ့ကို သုံးနာရီလောက်ရှိတယ်။ အခုတော့ တစ်နာရီလောက်ပဲရှိတော့တယ်။ နှစ်နာရီလောက်ပိုထွက်လာတဲ့သဘော။ ပိုထွက်လာတဲ့ နှစ်နာရီမှာ ဘာမှမလုပ်ဖြစ်ရင်တောင် အိပ်ပစ်လိုက်ရင် အကျိုးရှိတယ်။

My screen time for 6th December

ပတ်ဝန်းကျင်နဲ့တသားတည်းကျလာတယ်

မီးပွိုင့်မိရင် ဖုန်းကောက်ဖွင့်ပြီး facebook ကြည့်တာမျိုးမရှိတော့ မီးပွိုင့်မှာပဲ ဟိုဟိုသည်သည်လျှောက်ငေးရင်း ဪ ဒီမီးပွိုင့်က ကွေ့ကြောအရင်စိမ်းတာပါလား၊ နောက်ဆိုလမ်းကြောင်းတူရင် ကွေ့ကြောအရင်စီမှပဲဆိုတာ သိလာတာမျိုး။ တစ်ယောက်ယောက်ကို လိုက်ပို့လို့ ကားပေါ်မှာကျန်ခဲ့ရင် facebook ကြည့်ပြီးမနေခဲ့တော့ဘူးဆိုတော့ ကားပေါ်ပဲအာရုံရောက်တော့တယ်။ ကားအင်ဂျင်ဝိုင်လဲရမယ့်နေ့ကို အရင်ကလို နောက်ကျမှသတိရတာမျိုးမရှိတော့ဘူး။ အမှိုက်တွေရှုပ်နေရင် သတိထားမိတယ်။ ဖုန်ခါစရာရှိတာ ခါဖြစ်တယ်။ အရင်လို မနက်အိပ်ရာကနိုးတာနဲ့ ဖုန်းဖွင့်ပြီး facebook တန်းကြည့်တာမျိုးမရှိတော့ဘူး။ မနက်စောစော ပန်းပင်လေးတွေ ရေလောင်းဖြစ်တာမျိုး၊ တံမြက်စည်းလှည်းဖြစ်တာမျိုးတွေ လုပ်ဖြစ်လာတယ်။ ဘာရယ်တော့မဟုတ်ပေမယ့် ပြင်ပလောကနဲ့ ဟိုနည်းနည်း၊ သည်နည်းနည်း သက်ဝင်စီးမျောရတဲ့ အလုပ်လေးတွေကြောင့် Quality of life တက်လာတယ်လို့ ခံစားရတယ်။ ခုတော့ ဖုန်းရဲ့ home screen မှာဘာမှမရှိဘူး။ ဖုန်းကို unlock လုပ်လိုက်တာနဲ့ wallpaper ကို တဝကြီးမြင်ရတယ်။ အသက်ရှူချောင်တယ်။

my current home screen

ကိုယ်လက်လှုပ်ရှားမှုများလာတယ်

တစ်နေရာမှာအထိုင်ချပြီး ဖုန်းပွတ်နေတာမျိုးမရှိတော့ရင် ပတ်ဝန်းကျင်ကိုပိုသတိထားမိလာတယ်။ ခြောက်ပြီးသားအဝတ်တွေ ရုတ်ဖို့၊ ပြတင်းပေါက်ဖွင့်ဖို့၊ ရေသန့်ဘူးကုန်နေရင်လဲဖို့၊ ပြက္ခဒိန်အရွက်သစ်လှန်ဖို့ ဆိုတာလေးတွေ ထလုပ်ဖြစ်လာတယ်။ ကိုယ်လက်လှုပ်ရှားမှု အရင်ကထက်များလာတယ်။ Apple Watch ဝတ်တဲ့သူဆို activity ring တွေ စောစောစီးစီး ပြည့်ကုန်တာသတိထားမိလိမ့်မယ်။ (Apple watch ကြွားတာမဟုတ်ရပါ 😬)

Activity Ring of apple watch

Stress မများတော့ဘူး

facebook ပေါ်ကသတင်းဆိုတာမျိုးက ကောင်းတာထက် မကောင်းတာကပိုများတယ်။ သတင်းဆိုတာကလည်း မကောင်းတာမှ လူစိတ်ဝင်စားတတ်တာဆိုတော့ မကောင်းတာချည်း ရွေးတင်တော့တာ။ သတင်းတွေလိုက်ကြည့်နေရင် ဘာမှသာမဟုတ်တာ မသိမသာနဲ့ stress တွေ အတောင့်လိုက်ကြီးသွပ်ထည့်လိုက်တာမျိုး။ ဆေးခန်းလာပြတဲ့လူတချို့မှာ ရောဂါအခံမရှိဘဲ ညအိပ်မပျော်တာမျိုးတွေ ခဏခဏတွေ့ရတယ်။ သေချာမေးကြည့်ရင် ညဘက်ဖုန်းကြည့်လို့ဆိုတာ ပေါ်လာတယ်။

Depressed မဖြစ်တော့ဘူး

facebook ကြည့်ရတာ depression ဖြစ်စေတယ်။ ခင်ဗျားတို့သာ သတိမထားမိတာ၊ social media တွေဟာ depression ဖြစ်စေတယ်ဆိုတဲ့ study တွေရှိတယ်။ လူတွေဟာ Social Media မှာ ကိုယ့်အကြောင်းဆို bright side ကိုပဲအများဆုံးတင်တတ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မကောင်းတာတစ်ခုခုကိုထောက်ပြချင်တာ၊ အပြစ်တင်ချင်တာဆိုရင်လည်း social media ကိုပဲအသုံးချမှ policy maker တွေသိနိုင်တာဆိုတော့ facebook သုံးသူတစ်ယောက်ရဲ့ profile ဟာ ကိုယ့်အကြောင်း အကောင်းလေးတွေပဲတင်ပြီး သူများအကြောင်းမကောင်းတာတွေပဲ တင်နေသလိုဖြစ်နေတယ်။

facebook profile တစ်ခုဟာ ဘဝတူ peer အများစုနဲ့ပဲ friend ဖြစ်လေ့ရှိတယ်။ friend အများစုဟာ သက်တူရွယ်တူ same age group ဖြစ်တတ်တယ်။ ဒါမှမဟုတ် ဝါသနာပါရာ interest တူတဲ့လူတွေနဲ့ friend ဖြစ်နိုင်တယ်။ facebook ဖွင့်လိုက်ရင် ကိုယ်နဲ့ဘဝတူတွေအကြောင်းက ခပ်များများဆိုတော့ ကိုယ်နဲ့နှိုင်းယှဉ်တတ်တဲ့စိတ်ကလေး မသိမသာဝင်လာတတ်တယ်။ ဟိုကောင်က ဘာဖြစ်နေပြီ၊ ဘယ်နိုင်ငံရောက်နေပြီ၊ ဘာတွေလုပ်နေပြီ၊ iphone အသစ်ကိုင်နေပြီ။ ငါကတော့ဘာမှမဖြစ်နိုင်သေးဘဲ သူတင်တဲ့ဟာကို ဖုန်းအစုတ်ကလေးနဲ့ ကြည့်နေရတယ် ဆိုတဲ့စိတ်မျိုးဟာ တမင်တကာတွေးလိုက်တာမဟုတ်ပေမယ့် ကိုယ်သတိမထားလိုက်မိဘဲ နောက်ကွယ်မှာတိတ်တိတ်လေးဝင်လာတတ်တယ်

အစိုးရလုပ်ပုံကိုင်ပုံ မမှန်တဲ့အကြောင်း ဟိုလူအော်၊ ဒီလူအော်တာဖတ်ပြီး ဪ ငါတို့နိုင်ငံလည်းပျက်စီးနေတာပါလား။ facebook ပေါ်မှာ အုပ်စုတစ်ခုနဲ့တစ်ခု ရန်ဖြစ်နေကြတာတွေ အစအဆုံးလိုက်ကြည့်ရင်း ကိုယ်နဲ့အယူအဆမတူတာတွေ့ရင် ဪ တော်တော်အသုံးမကျတဲ့ကောင်တွေပါလား တွေးမိတတ်တယ်။ ဒါလေးတွေများလာရင် depression ဝင်လာတတ်တယ်။

depression ဆိုတော့ မျက်စိထဲမယ် ရွာသာကြီးဆေးရုံမှာ သံတိုင်တွေကြားထဲ သော့ခတ်ထားတဲ့ စိတ်ဝေဒနာသည်လို့ထင်နေဦးမယ်။ depression ဆိုတာ ဝင်လို့ဝင်နေမှန်း သိနိုင်တာမဟုတ်ဘူး။ depression မရှိတဲ့အချိန်ရောက်မှ ဪ ငါ depression ရခဲ့တာပါလားလို့ တွေးမိတာမျိုး။ facebook မသုံးတာနည်းနည်းကြာလို့ depressed ဖြစ်စရာတွေမရှိတော့မှ အလိုလိုစိတ်ကြည်လင်လာတာမျိုး။ မျက်နှာလည်းကြည်လင်ပြီး ပြုံးယဲ့ယဲ့ဖြစ်နေလို့ ဘာတွေတွေးပြီးပြုံးနေတာလဲလို့ မေးခံရတဲ့အဖြစ်မျိုး။ တကယ်တော့ ဘာမှမတွေးဘူး၊ စိတ်ညစ်ညူးစရာအာရုံတွေ မရှိတော့တာ။

ရုပ်ရှင်ကြည့်ဖြစ်တယ်

တစ်နေ့မှာ facebook ကြည့်ချိန်စုစုပေါင်း နှစ်နာရီလောက်ရှိတယ်ဆိုရင် အဲဒီနေရာမှာ ရုပ်ရှင်တစ်ကားလောက်ကြည့်လို့ရတယ်။ facebook နဲ့အတူ ပျော်လိုက်၊ ဒေါသဖြစ်လိုက် ခံစားနေတာထက်စာရင် ရုပ်ရှင်ကြည့်ရတာ ပိုရသမြောက်ပြီး ကိုယ့်အတွက်ပိုကျန်တယ်ထင်တာပဲ။

ကောင်းတာလည်းရှိတယ်။ မကောင်းတာလည်းရှိတယ်။ ကျွန်တော်ရေးတာ ဒီတိုင်းဖတ်ကြည့်ရုံနဲ့ ကိုယ့်အတွက်အကျိုးရှိမယ်၊ မရှိဘူး တန်းပြောဖို့ခက်တယ်။ ကိုယ့်ဘာသာကိုယ် စမ်းသပ်ကြည့်မှ ဘယ်ဟာကိုယ်နဲ့အံဝင်ခွင်ကျဖြစ်တယ်၊ မဖြစ်ဘူး သိနိုင်တာပါပဲ။ စိတ်ဝင်စားရင် စမ်းသပ်ကြည့်ဖို့ တိုက်တွန်းပါတယ်။

ဒီ blog post လေးဟာ ကျွန်တော်စမ်းသပ်ခဲ့တဲ့ experiment လေးအကြောင်း အမှတ်တရအနေနဲ့ ရေးထားတာပါပဲ။ ခုထိလည်းဒီအတိုင်းဆက်နေဖြစ်တယ်။ အရင်လိုဘယ်တော့ပြန်ဖြစ်မလဲမသိဘူး။ ဒါပေမယ့် ဒီ experiment ကြောင့် စိတ်ကြည်ကြည်လင်လင် နေနိုင်ခဲ့တဲ့အချိန်လေးတွေကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး။

Thanks for reading! Don’t forget to enjoy a cup of coffee early morning.


← Back to blog